top of page

သောက်ရေသန့်စက်ဆိုတာဘာလဲ၊ သောက်ရေသန့်စက်က ဘယ်လိုအလုပ်လုပ်သလဲ?

Writer's picture: Dr. Sai Aung Thant ZinDr. Sai Aung Thant Zin

သောက်ရေသန့်စက်လို့ပြောလိုက်ရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒေါင်လိုက် အချောင်း ၃ ချောင်းနဲ့ အလျားလိုက် အချောင်း ၂ ချောင်းပါတဲ့ RO-Reverse Osmosis စက်တွေပဲ အများစုက မျက်လုံးထဲမြင်ပါလိမ့်မယ်။ မမြင်ရင်ပုံမှာကြည့်ပါ။ 


တကယ်တော့ သောက်ရေသန့်စက်က RO မှမဟုတ်ပါ။ အခြားစနစ် အမျိုးမျိုးရှိပါတယ်။ အခုစာမှာတော့ စာရှည်မှာစိုးလို့ အများစုနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ RO စက်အကြောင်းကိုပဲရှင်းပြပါမယ်။ 


RO စက်ဆိုတာ Reverse Osmosis membrane ကို အသုံးပြုပြီး ရေထဲက သတ္တုဓာတ်တွေ၊ ပိုးမွှားတွေ၊ အနည်အမှုန်တွေကို ဖယ်ရှားပြီး ရေကို သောက်သုံးလို့ရအောင်ပြုလုပ်တဲ့ရေသန့်စနစ်တစ်ခုပါ။ 

ပုံမှန်အိမ်သုံး RO စက်တစ်လုံးမှာဆိုရင် အပိုင်း ၅ ပိုင်းပါဝင်တယ်လို့ အကြမ်းဖျင်းမှတ်လို့ရပါတယ်။ 

1. ပထမအဆင့် - အနည်အမှုန် စစ်ပေးတဲ့ အဆင့်၊ ဒီအဆင့်ကတော့ ဝင်လာတဲ့ရေထဲမှာပါတဲ့ အနည်အမှုန်ကို စစ်ထုတ်ပေးတာပါ။ ပထမအဆင့်မှာ အနည်အမှုန်အချို့ကို စစ်ထုတ်လိုက်တော့ နောက်ကျန်တဲ့ အဆင့်တွေမှာ အနည်အမှုန်ကြောင့်ဖြစ်နိုင်တဲ့ ပြဿနာတွေ သက်သာသွားပါတယ်။ ဒီအဆင့်မှာ ပုံမှန်အားဖြင့် 5 micron size အနည်စစ် filter တွေကို သုံးလေ့ရှိပါတယ်။ 


2. ဒုတိယအဆင့် - အရောင်၊ အနံ့၊ အရသာကို လျော့ချပေးတဲ့ အဆင့်၊ Activated Carbon လို့ခေါ်တဲ့ အထူးပြုလုပ်ထားတဲ့ မီးသွေးကို အသုံးပြုပြီး ရေရဲ့ အရည်အသွေးကို ကောင်းအောင်လုပ်ပေးတာပါ။ ရေထဲက organic ဓာတ်ပစ္စည်းတွေကြောင့်ဖြစ်တဲ့ မလိုလားအပ်တဲ့ အရောင်၊ အနံ့၊ အရသာကို လျော့ချပေးပါတယ်။ ဒီနေရာမှာ သတိထားရမှာက ပုံမှန် Activated Carbon Filter က ရေထဲမှာ ပျော်ဝင်နေတဲ့ သံကြောင့်ဖြစ်တဲ့ အရောင်/အနံ့/အရသာကိုတော့ ထိရောက်စွာမလျော့နိုင်ပါဘူး။


3. တတိယအဆင့် - ပိုအနုစိတ်တဲ့ အနည်စစ် filter နဲ့ အနည်အမှုန်ကို ထပ်စစ်တဲ့ အဆင့်ပါ။ ပုံမှန်အားဖြင့် 1 micron size ရှိတဲ့ filter ကိုသုံးလေ့ရှိပါတယ်။ ဒီအဆင့်မှာ အနည်အမှုန်ကို ထပ်စစ်ပေးခြင်းအားဖြင့် နောက်က RO membrane အချိန်မတန်ခင် ပိတ်ဆို့ခြင်းကို အတော်အသင့် ကာကွယ်ရာရောက်ပါတယ်။ 


4. စတုတ္ထအဆင့်ကတော့ Reverse Osmosis အဆင့်ပါ။ ဒီနေရာမှာ တစ်ခုဖြတ်ပြောချင်တာက RO membrane ရဲ့ ဇကာ size ပါ။ RO membrane ဇကာ size က around 0.0001 micron ပဲရှိပါတယ်။ အရမ်းသေးငယ်တဲ့ size ဖြစ်လို့ ရေထဲက bacteria များ၊ သတ္တုဓာတ်များကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ ဒါပင်မဲ့ အရမ်းသေးငယ်တဲ့ membrane ဖြစ်တဲ့ အတွက်ကြောင့်ပဲအနည်အမှုန်အကြီးတွေ/ အမှုန်၊အနည်ကျနိုင်တဲ့ သတ္တုဓာတ်တွေ(ဥပမာ - Hardness or အရပ်အခေါ် ထုံးဓာတ် နဲ့ သံဓာတ်) ပါလာရင် ခဏလေးနဲ့ ပိတ်ဆို့လွယ်ပါတယ်။ အဲ့ဒါမို့လဲရှေ့အဆင့်တွေမှာ တတ်နိုင်သလောက် အနည်တွေကို စစ်ထုတ်ပေးထားတာပါ။ Hardness တွေ သံတွေပါလာတဲ့ ရေဆိုရင်လဲ အဲ့သဘောပါပဲ။ ရေသန့်စက်မှာ additional အဆင့် အပိုတွေလိုအပ်လာမှာပါ။ မဟုတ်ရင် စက်ခဏခဏ ပျက်တယ်ဆိုပြီး ဖြစ်နေမှာပါ။ 


5. နောက်ဆုံးအဆင့်ကတော့ Activated Carbon ပါပဲ။ RO membrane ဖြတ်ပြီး ရေထဲမှာ ကျန်ရှိနေသေးတဲ့ အရောင်၊ အနံ့၊ အရသာကို မသောက်သုံးခင် အဆင်ပြေအောင် Final polish လုပ်ပေးတဲ့ အဆင့်ပါ။ 


နောက်ပိုင်း Reverse Osmosis ရေက သတ္တုဓာတ် အရမ်းနည်းလို့ ကျန်းမာရေးကို ရေရှည်မှာ ထိခိုက်နိုင်တဲ့ အတွက် နောက်ဆုံးအဆင့်မှာ သတ္တုဓာတ်ပြန်ဖြည့်ပေးတဲ့ filter တွေ၊ ပိုပြီးစိတ်ချလက်ချသောက်လို့ရအောင် ပိုးသတ်ပေးတဲ့ UV မီးချောင်းတွေ စတဲ့ စနစ်တွေကိုလဲ additional steps တွေ အနေနဲ့ ထည့်သွင်းလာကြပါတယ်။ 


အနှစ်ချုပ်အနေနဲ့ ပြောချင်တာကတော့ ပုံမှန် RO စက်တွေက quality ကောင်းနေတဲ့ရေမျိုး၊ သတ္တုဓာတ်အရမ်းမများ၊ သံ၊အရပ်ခေါ်ထုံး၊ အနည် အရမ်းမများတဲ့ ရေမျိုးမှာပဲ တိုက်ရိုက် သုံးလို့ရတယ်၊ (ဒီက စည်ပင်ရေတောင် အချို့မြို့နယ်တွေဆို မရဘူး၊ ရေ quality မကောင်းလို့) အဝင်ရေမကောင်းပဲ ရေသန့်စက်ဝယ်တပ်ရင် ခဏလေးနဲ့ filter ပိတ်နိုင်တယ်၊ အဝင်ရေမကောင်ရင် သောက်ရေသန့်စက်အရှေ့မှာ additional ရေသန့်တဲ့ စနစ်တွေ ထပ်တပ်ရမယ် (ဥပမာ သံများရင်သံကို အရင်လျော့ပြီးမှ RO စက်တပ်တာမျိုး)၊ အဝင်ရေ ဓာတ်ခွဲမစစ်ပဲ ရေသန့်စက်ဝယ်တပ်ရင် ခဏလေးနဲ့ စက်ပျက်မယ်၊ ကိုယ်လုပ်တဲ့ အလုပ်တောင်မကျွမ်းကျင်၊ ရေကို မစစ်ဆေးပေးပဲ customer ကို ရေသန့်စက်ထိုးရောင်း၊ စက်ပျက်မှ ဖုန်းဆက်မရ၊ ခေါ်မရ၊ service မလာတဲ့ တစ်ပွဲထိုး ရေသန့် service provider တွေနဲ့တွေ့ရင်လဲ စိတ်ညစ်ရမှာဖြစ်တယ်။ အဲ့ဒါမို့လို့ သောက်ရေသန့်စက်ဝယ်တပ်မယ်စဉ်းစားရင် အနည်းဆုံးတော့ အခုရေးထားသလောက် ကိုယ်ကိုတိုင် သိနေဖို့လိုတယ်။ ဒီထက်ပိုပြီး အသေးစိတ်သိချင်ရင်တော့ ကျွန်တော့ page ထဲမှာဝင်ဖတ်နိုင်ပါတယ်။ 


ကျေးဇူးတင်ပါတယ်။ 


Dr. Sai Aung Thant Zin




147 views0 comments

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

+959 965718943

  • Facebook

©2020 by WaterLab by Dr. Sai. Proudly created with Wix.com

bottom of page