ရေတစ်ခုကို ရေချိုလား? ရေငန်လား? အကြမ်းဖျင်း ခွဲခြားတိုင်းတာချင်ရင်တော့ အရပ်အခေါ် ဆားအငန်ဓာတ် - TDS - Total Dissloved Solids ဆိုတာကို တိုင်းကြည့်ပြီးသိနိုင်ပါတယ်။
TDS ဆိုတာဘာလဲ?
TDS (Total Dissloved Solids) ဆိုတာကတော့ ရေထဲမှာ ပျော်ဝင်နေတဲ့ စုစုပေါင်း ပျော်ဝင်ပစ္စည်းများ/သတ္တုဓာတ်/ဆား ပမာဏကို တိုင်းတာတဲ့ အတိုင်းအတာ တစ်ခုပါ။ ပျော်ဝင်ပစ္စည်းလို့ ပြောရာမှာ ဆားတွေ၊ သတ္တုဓာတ်တွေ အပြင် အခြားများစွာသော ပျော်ဝင်ပစ္စည်းများ ပါဝင်ပါတယ်။ ရေတစ်ခုရဲ့ TDS ကို ကြည့်ခြင်းဖြင့် ထိုရေ၏ အရည်အသွေး- ရေချို၊ရေငန် ကို အကြမ်းဖျင်း သိရှိနိုင်ပါတယ်။
ရေချိုရေငန်ခွဲခြားသတ်မှတ်ချက်တွေကတော့ guideline အမျိုးမျိုးရှိပါတယ်။ အကြမ်းအားဖြင့်တော့ TDS 1,000 mg/l အောက် ရှိနေသောရေကို အကြမ်းဖျင်း အားဖြင့် Fresh Water ရေချိုလို့ သတ်မှတ်ပါတယ်။ TDS 1,000-10,000 mg/l ကြားရှိသောရေကိုတော့ Brakish Water ရေချို၊ရေငံ ရောနှောနေသောရေ အဖြစ်သတ်မှတ်ပြီး TDS 10,000 အထက်ရှိသော ရေကိုမူ ပင်လယ်ဆားငန်ရေ၊ ရေငန် အဖြစ် သတ်မှတ်ပါတယ်။
TDS များရင်ဘာဖြစ်နိုင်လဲ?
TDS များရင်တော့ ရေထဲမှာ ဆားတွေ၊ ပျော်ဝင်ပစ္စည်းတွေများစွာပါဝင်နေတာပေါ့။ အလွန်များတဲ့ ပမာဏဆိုရင်တော့ သောက်သုံးရာမှာ ၊အနံ့၊ အရသာကစပြီး ပြောင်းလဲနေပြီး ကျန်းမာရေးအတွက်လဲ မကောင်းပါဘူး(ကိုယ်ခန္ဓာအတွင်းရှိ ဇီဝကမ္မဖြစ်စဉ်တွေ၊ ဆားထိန်းသိန်းမှု၊စွန့်ထုတ်မှုစနစ်တွေကို ထိခိုက်နိုင်ပြီး သွေးတိုးရောဂါများ၊နုလုံးရောဂါများ ဖြစ်စေပါတယ်)။ သုံးရေအဖြစ်အသုံးပြုမယ်ဆိုရင်လဲ ရေသွားရာ လမ်းကြောင်းတစ်လျှောက် ပွန်းစား၊တိုက်စားမှုတွေဖြစ်နိုင်ချေများပြီး စက်ပစ္စည်းများထဲတွင် ဂျိုး ပိတ်တာမျိုး၊ ကပ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ရေချိုးရေအဖြစ်ကြာရှည်စွာ အသုံးပြုရင်လဲ ဆံပင်များ ခြောက်သွေ့ခြင်း၊ ကျွတ်ခြင်း၊ အသားအရေ ပွန်းတိုက်စား၍ မွဲခြောက်ခြင်းများ စသည့် ကျန်းမာရေးဆိုးကျိုးများရနိုင်ပါတယ်ခင်ဗျာ။ အစားအသောက်၊ အဖျော်ယာမကာ ကိစ္စများမှာအသုံးပြုရင်လဲ အစားအသောက် အရသာမမှန်မှုတွေဖြစ်တတ်ပါတယ်။
TDS ကနည်းလေကောင်းလေပေါ့? အဲ့လိုလား?
အဲ့ဒါလဲ မဟုတ်သေးဘူးဗျ။ TDS အရမ်းနည်းသွားတဲ့ရေမျိုး TDS 10 အောက်ရှိတဲ့ရေတစ်ခုမှာ ဆိုရင်တော့ လူကို အကျိုးပြုတဲ့ သတ္တုဓာတ်တွေ ဘာမှ မပါဝင်တော့လို့ ကောင်းကျိုးမပေးတဲ့အပြင် အချိန်ကြာမြင့်စွာ ရေရှည်သောက်သုံးသူများတွင် အချို့သော ရောဂါများ(အာရုံကြောဆိုင်ရာရောဂါများ၊ နုလုံးနှင့်ဆိုင်သောရောဂါများ၊ etc.) ဖြစ်ပေါ်နိုင်သောကြောင့် ရေရှည်သောက်သုံးဖို့ မသင့်တော်ဘူးလို့ WHOအဖွဲ့အစည်းက က ကြေညာစာထုတ်ပြန်ထားတာမျိုးတွေရှိပါတယ်။ စက်ပစ္စည်းတွေမှာ အသုံးပြုမယ်ဆိုရင်လဲ စက်ပစ္စည်းတွေထဲမှာရှိတဲ့ sensor တွေ အလုပ်ကောင်းကောင်းမလုပ်နိုင်တော့တဲ့ကိစ္စတွေ၊ ပိုက်လိုင်းများ ပွန်းစားခြင်း ပြဿနာတွေ ဖြစ်တတ်ပါတယ်။
ထို့ကြောင့် ကျွန်တော်တို့ Reverse Osmosis(RO) စနစ်နဲ့ သန့်စင်ထားတဲ့ ရေတွေကို သောက်ရေအဖြစ် အသုံးပြုမယ်ဆိုရင်တော့ အခြားနိုင်ငံများမှာ ထုတ်လုပ်သူ စက်ရုံဖက်မှ Mineral သတ္တုဓာတ်တွေပြန်လည်ဖြည့်တင်းပြီးမှ စျေးကွက်သို့ရောင်းချကြတာပါ။
ကျွန်တော်တို့ အစားအသောက် အဖျော်ယာမကာ လုပ်ငန်းများတွင်လဲ TDS level က အရေးပါပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင်တော့ အရောင်၊အနံ့၊အရသာနဲ့ ပြည့်စုံတဲ့ Coffee ကောင်းတစ်ခွက် ရရှိဖို့ ကော်ဖီဖျော်တဲ့ရေမှာ TDS 17-85 ppm ကြားရှိဖို့ လိုအပ်ပါတယ်။ TDS အနည်းငယ်ပါမှသာ ကော်ဖီရဲ့ အရောင်၊အနံ့၊အရသာ အမှန်ကိုရရှိမှာပါ။ TDS 10 အောက်ဆိုရင်လဲ အရသာပေါ့နေနိုင်သလို TDS 100 အထက်ဆိုရင်လဲ အရသာ ပြင်းနေတာမျိုးဖြစ်တတ်ပါတယ်။ အခြား စားသောက်ကုန်များမှာလဲ ထို့အတူပင်ဖြစ်ပါတယ်။ သူ့ guideline နဲ့သူ အမျိုးမျိုးရှိပါတယ်။
TDS ကို ဘယ်လိုလျှော့ချလဲ?
TDS ကို practical အကျဆုံးနဲ့ အသုံးအများဆုံးလျှော့ချနည်းကတော့ Reverse Osmosis (RO) စနစ်ပါ။ မျက်လုံးထဲမြင်အောင်ပြောရမယ်ဆို သတ္တုဓာတ်တွေကို အလွန်အနုစိတ်တဲ့ ဇကာနဲ့ ဖိအားသုံးပြီး ဖယ်ရှားတဲ့စနစ်ပါ။ 95-99% လောက်ထိကို efficiency ရှိပါတယ်။ အသုံးပြုရတာလဲ လွယ်ကူပါတယ်။ ရှုပ်ထွေးတဲ့ maintenance process တွေ မပါပါဘူး။ နောက်အသုံးများတဲ့နည်းကတော့ resin chemical သုံးပြီးလျှော့ချတဲ့စနစ်ပါ။ သူလဲ design မှန်ကန်မယ်ဆို efficiency nearly 100% လောက်ထိရှိပါတယ်။ ရေထဲက + ion နဲ့ - ion တွေကို cation resin တစ်ဆင့် anion resin တစ်ဆင့် ခံပြီး စုပ်ယူလျှော့ချတဲ့စနစ်ပါ။ RO ထပ် maintenance ပိုင်းပိုမိုရှုပ်ထွေးပါတယ်။ အသေးစိတ်တော့ ရှုပ်သွားမှာစိုးလို့ မရေးပြတော့ပါဘူး။ ဆေးဝါးလုပ်ငန်းတွေ၊ ဓာတ်ခွဲခန်းတွေလိုမျိုးမှာ အသုံးများပါတယ်။ နောက်ထပ်နည်းတွေကတော့ distillation ပေါင်းခံရေပြုလုပ်ခြင်းနဲ့ electrodialysis လျှပ်စစ်အဖို၊အမဓာတ်အသုံးပြုပြီး လျှော့ချတဲ့နည်းတွေလဲရှိပါတယ်။ ကုန်ကျစရိတ်များတဲ့အတွက် အချို့မဖြစ်မနေ နေရာများမှာပဲ သုံးကြပါတယ်။
ရေထဲမှာရှိတဲ့ TDS အကြောင်းကတော့ ဒီလောက်ပါပဲ။
ကျေးဇူးတင်ပါတယ်။
Dr. Sai Aung Thant Zin
Comments