top of page
  • Writer's pictureDr. Sai Aung Thant Zin

သောက်ရေဘယ်နှစ်မျိုးရှိလဲ? ကျွန်တော်တို့သောက်နေတဲ့ရေတွေ ဘယ်ကလာတာလဲ? အပိုင်း : ၁

1. Spring Water (သဘာဝစိမ့်စမ်းရေ)

Spring water ဆိုတာကတော့ သဘာဝ ရေထွက်များက ရရှိတဲ့ စမ်းရေကိုခေါ်တာပါ။ စမ့်စမ်းရေများက နေရာဒေသ၊ရေမြေအနေအထားပေါ်မှာ မူတည်ပြီးတော့ ပါဝင်တဲ့ သတ္တုဓာတ်ပမာဏ၊ total dissolved solids (TDS) level အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ အချို့စမ့်ရေများဆိုရင် နဂိုတည်းက naturally carbonated , carbon dioxide gas ပါဝင်ပြီးထွက်လာတာမျိုးရှိပါတယ်။ အကောင်းဆုံးအရသာရှိတဲ့ စမ့်ရေဆိုတာကတော့ စနစ်တကျထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ရေထွက်က သဘာဝအတိုင်း ထွက်လာတဲ့ ရေကို တတ်နိုင်သလောက် treatment စနစ်လဲကို အနည်းဆုံးပြုလုပ်ထားပြီး သဘာဝအရသာမပျက်အောင်ထိန်းသိမ်းထားနိုင်တဲ့ရေကိုခေါ်နိုင်ပါတယ်။ စမ့်ရေကို အမျိုးအစားခွဲခြားရာမှာ ရေထွက်နှုန်း အနည်းဆုံးမှ အများဆုံးပေါ်မူတည်ပြီး အမျိုးအစား ၉ မျိုးထပ်ခွဲနိုင်ပါသေးတယ်။ အခုတော့ စာဖတ်သူများ ရှုပ်ထွေးသွားနိုင်လို့ ထည့်မရေးတော့ပါဘူး။ သိချင်ရင်တော့ chatbox က လာမေးနိုင်ပါတယ်။နာမည်ကြီး Evian ရေကတော့ spring water စာရင်းဝင်ရေတစ်မျိုးဖြစ်ပါတယ်။


2.Well Water (တွင်းရေ)


Well water ကတော့ ကျွန်တော်တို့ နဲ့ ရင်းနှီးပြီးသားဖြစ်ပါတယ်။ ကျွန်တော်တို့ ဆီမှာ ရှိတဲ့ ရေသန့် အခု ၁၀၀ မှာ၉၉ ခုက well water origin ဖြစ်ပါတယ်။ ရေစုပ်တဲ့ mechanical pump နဲ့ မြေအောက်ရေအောင်းလွှာထဲမှာ ရှိနေတဲ့ရေကို မြေပြင်ပေါ်ရောက်အောက်လုပ်ပြီး လိုအပ်တဲ့ treatment ပြုလုပ်ကာ ရေသန့်ပြုလုပ်ထားတဲ့ရေမျိုးကို tube well origin drinking water လို့ သတ််မှတ်နိုင်ပါတယ်။ သူလဲ spring water လိုပဲ နေရာဒေသ၊ အောက်က ရေအောင်းလွှာရဲ့ပြင်ပနဲ့ ထိစပ်နေမှု ရှိမရှိ စတဲ့ အချက်တွေပေါ်မူတည်ပြီး သတ္တုဓာတ်၊ TDS နှင့် ရေ quality အမျိုးမျိုးရှိတတ်ပါတယ်။ မှတ်ချက်၊ ဒီမှာကတော့ နေရာဒေသ geographic origin တွေဘာတွေ မခံစားနိုင်ကြပဲ ဘယ်တွင်းရေလာလာ၊လိုအပ်အပ် မလိုအပ်အပ် Reverse Osmosis စနစ်နဲ့ treatment လုပ်ပြီး သတ္တုဓာတ် အလွန်နည်းတဲ့ RO ရေကိုသာစျေးကွက်တင်ပို့ရောင်းချနေကြတာ စိတ်မကောင်းစွာ တွေ့ရှိရပါတယ်။


3. Artesian Water (Artesian တွင်းရေ)


Artesian ရေအောင်လွှာ ကို တွင်းတူးပြီး ရောက်ရှိပြီဆိုရင်တော့ ထိုရေအောင်းလွှာမှရေများက ရေစုပ် pump အကူအညီမလိုပဲ သဘာဝ ရေဖိအားနဲ့ တွင်းအပေါ်ထိရောက်ရှိလာပါတယ်။ ထိုရေမျိုးကို artesian တွင်းရေ artesian water လို့ခေါ်ပါတယ်။ Characteristic အရ Spring water နဲ့ သဘောသဘာဝတူညီတတ်ပါတယ်။ အချို့ရေအောင်းလွှာများက နှစ်ပေါင်းထောင်/သောင်းချီပြီးပြင်ပနဲ့ ထိတွေ့မှုမရှိထားတဲ့ ရေမျိုးဖြစ်နေတတ်တဲ့ အတွက် စျေးနှုန်းအရလဲ အလွန်မြင့်မားတာမျိုး ရှိတတ်ပါတယ်။ နာမည်ကြီး Fiji water ကတော့ artesian water တစ်မျိုးဖြစ်ပါတယ်။


4. Iceberg Water (ရေခဲတောင်ရေ)


ဒီတစ်ခုကတော့ တော်တော်ထူးထူးဆန်းဆန်းပါ။ ဝင်ရိုးစွန်းဒေသများမှ သဘာဝအလျှောက် ပင်လယ်သမုတ္တရာထဲကို စီးမျောလာတဲ့ ရေခဲတုံးကြီးများကို အထူးပြုလုပ်ထားတဲ့ သင်္ဘောကြီးများဖြင့် သယ်ဆောင်ပြီး အရည်ဖျော်ကာ ရေသန့်ထုတ်လုပ်ထားတဲ့ ရေမျိုးဖြစ်ပါတယ်။ အဲ့လိုမျိုးရေခဲကို ရယူနိုင်တဲ့ နေရာကလဲ ကမ္ဘာပေါ်မှာ Svalbard ကျွန်းစုရဲ့ Artic ကမ်းရိုးတန်း၊ Greenland အနောက်ဖက်ဒေသ နဲ့ အရှေ့ Canada တို့ဖက်မှာပဲ ရရှိနိုင်ပါတယ်။ ရေခဲကို ရွေးချယ်ရာမှာလဲ တွေ့ကရာ ရေခဲကိုရွေးလို့မရပါဘူး။ သက်တန်းနုတဲ့ ရေခဲများမှာ impurities များ၊ chemical များနဲ့ ကျန်းမာရေးကိုထိခိုက်နိုင်တဲ့ ဓာတ်သတ္တုများ နှင့် အမှိုက်များပါတတ်တဲ့ အတွက် ရွေးချယ်လေ့မရှိပဲ pre industrial era စက်မှုမထွန်းကားသေးသော လွန်ခဲ့တဲ့ နှစ် ထောင်ချီသောင်းချီထဲကရှိနေခဲ့တဲ့ ရေခဲမျိုးကိုသာရွေးချယ်ကြပါတယ်။ ရေခဲသယ်ဆောင်ရာမှာလဲ အရည်မပျော်အောင် ဂရုတစိုက်သယ်ဆောင်ရတဲ့အတွက်ငွေကြေးအကုန်အကျအလွန်များပြီး အန္တရာယ်လဲ ရှိနိုင်တဲ့ အတွက် အထူးဂရုပြုပြီး သယ်ဆောင်ရပါတယ်။ရေခဲတောင်ရေများရဲ့ အရသာကို Soft, Light and Airy taste လို့ ပြောကြပြီး သတ္တုဓာတ် နည်းတဲ့ဖက်ကို ရောက်ပါတယ်။ Iceberg water တစ်ခွက်သောက်ခြင်းက ကမ္ဘာ့ဦးသမိုင်းစာမျက်နှာများပေါ်အချိန်ခရီးသွားနေရသလိုခံစားရစေမှာဖြစ်ပြီး အချို့ကလဲ အထူး တီထွင်ထားတဲ့ cocktail များမှာ ရေခဲအဖြစ်ပြန်လည်အသုံးပြုတာမျိုးလဲရှိပါတယ်။ နာမည်ကြီး ရေခဲတောင်ရေ brand များကတော့ Svalbaroi, Iluliaq နှင့် Greenland Ice Cap Water တို့ဖြစ်ပြီးစျေးနှုန်းအနေနဲ့ ၇၅၀ ml ၁ ပုလင်းကို မြန်မာငွေ ၈၀၀၀၀-၁၂၀၀၀၀ ကြားလောက်ရှိပါတယ်။

နောက်အပိုင်းမှာတော့ ရေခဲမြစ်ရေ၊ ပင်လယ်ရေချို နဲ့ မိုးရေက ရရှိတဲ့ သောက်ရေများအကြောင်းကို ထပ်ပြောပြသွားပါမယ်။


Dr. Sai Aung Thant Zin

Article Ref : Fine Water Academy

Photo Ref : Evian, Svalbaroi, Iluliaq Official Websites & Her Etiquette (Fiji Water : It all begins as a Cloud)

311 views0 comments

Recent Posts

See All
Post: Blog2_Post
bottom of page