💧ရေအဆိပ်သင့်တယ်ဆိုတာဘာလဲ?💧
- Dr. Sai Aung Thant Zin
- Aug 11, 2020
- 1 min read
ပုံမှန်အားဖြင့် ကျွန်တော်တို့ အများစုသိကြတာက ရေသောက်တာ ဟာ ကျန်းမာစေတယ်ဆိုတာပါ။ မှန်ပါတယ် သက်ရှိများ နေ့စဉ်အသက်ရှင် သွားလာ လှုပ်ရှားနိုင်ဖို့ ရေက အရေးကြီးတဲ့နေရာမှာ ပါဝင်နေပါတယ်။ ဒါပင်မဲ့ ရေအဆိပ်သင့်ခြင်း - Water Intoxication ဆိုတဲ့ အကြောင်းကိုတော့ တော်တော်များများ သိကြမယ်မထင်ပါဘူး။
ရေအဆိပ်သင့်တယ်ဆိုတာကတော့ လူတစ်ယောက်ရဲ့ ကိုယ် ခန္ဓာအတွင်းမှာ ရေဓာတ် လိုအပ်တာထက် ပိုများသွားတဲ့ အချိန်မှာ ဖြစ်တတ်တဲ့ (အရေးပေါ် )ကျန်းမာရေးအခြေအနေတစ်ခုပါ။ တိတိကျကျသတ်မှတ်ထားတဲ့ Guideline များ မရှိပင်မဲ့ တစ်နာရီအတွင်း ရေ ၁ လီတာအထက် ကို နာရီပေါင်းများစွာသောက်သုံးခြင်းက ရေအဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေနိုင်တယ်လို့ သိရပါတယ်။
ဘယ်လိုအချိန်တွေမှာ ဖြစ်တတ်လဲ?
1. အလွန်ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ၊အားကစားတွေ (ဥပမာ - စစ်ရေးလေ့ကျင့်တာမျိုး၊ မာရသွန်ပြေးတာမျိုး) စတဲ့ကိစ္စများပြုလုပ်စဉ် ရေကိုလိုအပ်တာထက်ပိုသောက်မိပြီး water intoxication ဖြစ်ပေါ်တတ်ပါတယ်။
2. စိတ်ကျန်းမာရေးချို့တဲ့သောသူများ တွင်လဲ တွေ့ရတတ်ပါတယ်။
3. အတင်းအကျပ်နှိပ်စက်စေခိုင်းမှုများ (Forced Consumption/ Abused) မှာလဲ ကြုံရတတ်ပါတယ်။
4. အထူးသဖြင့် EDM ပွဲလိုမျိုး၊ Music ပွဲတော်များမှာ MDMA ခေါ် Ecstasy ခေါ် E လို့ခေါ်တဲ့ Psychoactive drug သုံးစွဲသောသူများမှာ လဲတွေ့ရတတ်ပါတယ်။ အလွန်ပူအိုက်သောနေရာမှာ အချိန်ကြာမြင့်စွာ ကခုန်ခြင်းက ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေကာ ရေကို ပိုမိုသောက်သုံးစေပါတယ်။ ဒါပင်မဲ့ MDMA/E က ခန္ဓာကိုယ် အပူချိန်ကို တတ်စေပြီး ဆီးသွားမှုကို လျော့ကျစေပါတယ်။ ထိုအချိန်မှာ သောက်သုံးထားသောရေများကို ကျောက်ကပ်က စွန့်ထုတ်မှု လျော့သွားစေပြီး ခန္ဓာကိုယ်အတွင်း စုပုံလာစေကာ water intoxication ကို ဖြစ်စေပါတယ်။
ရေအဆိပ်သင့်ရင် ဘယ်လိုသိနိုင်မလဲ၊ ဘာတွေဖြစ်တတ်လဲ?
ရေအဆိပ်သင့်ရင်ဖြစ်တတ်တဲ့ လက္ခဏာတွေက ရေဓာတ်ဆုံးရှုံးရင်ဖြစ်တတ်တဲ့ လက္ခဏာတွေနဲ့ အတော်တူနေတတ်ပါတယ်။
ခေါင်းကိုက်ခြင်း၊ ကြွက်တတ်ခြင်း၊ ကြွက်သားများ အားမရှိခြင်း၊ ပျို့အန်ခြင်း၊ မူဝေခြင်း၊ မလှုပ်မကိုင်ချင်လောက်အောင် ပင်ပန်းနေခြင်း စသည်တို့ တွေ့ရတတ်ပါတယ်။ ခန္ဓာကိုယ်တွင်းပိုလျှံနေတဲ့ ရေများက cells များအတွင်းသို့ဝင်ရောက်ပြီး cell များကိုပါ ရောင်ရမ်း/ပွဖောင်း လာစေပါတယ်။ ဦးနှောက်အတွင်းရှိ ဦးနှောက် cells များတွင် ရောင်ရမ်းမှုဖြစ်လာပါက coma ဝင်ခြင်း၊ တက်ခြင်း၊ အသက်သေဆုံးခြင်းများထိဖြစ်စေပါတယ်။
အထက်ပါလက္ခဏာများတွေ့ရပါက နီးစပ်ရာ အရေးပေါ်ကျန်းမာရေး ကုသမှုပေးနိုင်တဲ့ နေရာမှာ ကုသမှုခံယူသင့်ပါတယ်။
ထို့ကြောင့် သင်က အားကစား၊လေ့ကျင့်မှုများ အလွန်အမင်းပြုလုပ်သူ၊ စိတ်ကျန်းမာရေးချို့တဲ့သူနှင့် အနီးနေထိုင်သူ၊ Music festival များတွင် အလွန်အမင်း Active ဖြစ်သူဖြစ်ပါက water intoxication အကြောင်းကို သိထားသင့်ပြီး မိမိအသိဥာဏ်ဖြင့် ဆင်ခြင်ကာ ကာကွယ်သင့်ပါတယ်။
Dr. Sai Aung Thant Zin
Comments