top of page
  • Writer's pictureDr. Sai Aung Thant Zin

ရေသန့်ကုမ္ပဏီတွေ ဘယ်လိုဂျင်းထည့်ကြသလဲ?

ရေသန့်ကုမ္ပဏီတွေ ဘယ်လိုဂျင်းထည့်ကြသလဲဆိုတဲ့ မေးခွန်းကို ဖြေရမှာ တော်တော်တော့ အန္တရာယ်များလှပါတယ်။ ဒါပင်မဲ့ အဲ့မေးခွန်းကိုပဲ ကျွန်တော့ကို လာမေးတဲ့သူတွေ များလာတဲ့အတွက် ရေသန့်ကုမ္ပဏီများနဲ့ ဂျင်းထည့်နည်းတွေကို ပြောပြပေးသွားပါမယ်။


1. Company registration မရှိပဲ ဝယ်ရောင်းပုံစံနဲ့ အခွန်မဆောင်/ရှောင်ပြီး စျေးချရောင်းခြင်း


အချို့သူတွေက company တောင် မှတ်ပုံတင်မရှိပဲ Facebook page လေးတစ်ခုနဲ့ customer ရှာ၊ ပစ္စည်းလဲ stock မလှောင်ပဲ customer ရမှ စျေးကွက်ထဲက အဆင်ပြေတဲ့ ပစ္စည်းလေးဝယ်တပ်ပေးလိုက်တဲ့ ဝယ်ရောင်း ရေသန့်သမားတွေဂျင်းမိတတ်ကြပါတယ်။ အခွန်လဲမဆောင်/ရှောင်တော့ တကယ် အမှန်အကန်လုပ်တဲ့ company ရဲ့စျေးနဲ့ယှဉ်ရင် စျေးကွာနေတာဖြစ်တတ်ပြီး customer ကလဲ စျေးပိုနည်းတဲ့ ဂျင်းကို ရွေးမိသွားတာပေါ့ခင်ဗျာ။

ဖြေရှင်းနည်း ။ ရေသန့်စက်မတပ်ခင် DICA Website မှာ Company မှတ်ပုံတင်လေးတော့ အရင်စစ်ကြည့်လိုက်ပေါ့ဗျာ။


2. အလွတ်ကျက်ပြီး ရမ်းသန်းလုပ်တဲ့ဂျင်း


အချို့သူတွေက ရေသန့်ပညာရပ်ကို စာတွေ့လေ့လာမှုမရှိပဲ လက်တွေ့မှာ အနည်းငယ်မြင်ဖူး၊ ကြားဖူးတာနဲ့ ရမ်းလုပ်တဲ့ သူတွေလဲရှိတယ်ဗျ။ ဥပမာပေးရရင် ရေသန့်မှာသုံးတဲ့ Treatment FRP Vessel အိုးတွေမှာ size အကြီးအသေးအမျိုးမျိုးရှိပါတယ်။ အဲ့လို size ပေါင်းစုံကို ရမ်းလုပ်တဲ့သူတွေက 12”x52” size ဆို တစ်နာရီ ရေလီတာ1000 ထုတ်၊ 16”x65” size ဆို တစ်နာရီ ရေလီတာ 2000 ထုတ်ဆိုပြီး အလွတ်ကျက်ထားကြတာဗျ။ ဒကယ်တော့treatment စနစ်တစ်ခုရဲ့ flow rate ဆိုတာ အိုး size နဲ့ တွက်ရတာမဟုတ်ပါဘူး။ အဝင်ရေ quality နဲ့ အိုးထဲမှာ ထည့်ပြီး အသုံးပြုတဲ့ ရေသန့် media ရဲ့ specification တစ်ခုချင်းပေါ်မှာ မူတည်ပြီး အသေးစိတ်ပြန်တွက်ရတာပါ။ Media ထုတ်တဲ့ company တွေက တွက်ချက်ရမဲ့ formula တွေ၊ တွက်တဲ့အချိန်မှာ သုံးတဲ့ equation တွေ ရေးပေးပြီးသားပါ။စာမဖတ်ပဲ အလွတ်ကျက်၊ ရမ်းသန်းလုပ်တော့ ဂျင်းထည့်သလိုဖြစ်ကြတာပေါ့။ စက်ပျက်လို့ Aftersale service ခေါ်မှ ဖုန်းမကိုင်တာတို့၊ စက်ပိတ်ထားတာတို့ ကြုံဖူးတဲ့သူတွေ ကြုံဖူးပါလိမ့်မယ်။

ဖြေရှင်းနည်း။ ရေသန့်စက်မတက်ခင် မိမိရဲ့ရေက ဘာဖြစ်တာလဲ? ဘယ်ဓာတ်များနေတာလဲ? ဟုတ်ပြီ များနေတဲ့ဓာတ်ကို ဘယ် media အမျိုးအစားသုံးပြီး လျော့ချတာလဲ? လျော့ချတဲ့ ပစ္စည်းကို ဘယ်လိုတွက်ချက်ပြီးထည့်တာလဲ အကြမ်းလေးပဲပြောပြပေးပါလို့ မေးလိုက်ပါ။ Detail မမေးခိုင်းပါဘူးနော်။ အကြမ်းဖျင်းရှင်းပြခိုင်းလိုက်ပါ။ကိုယ်တိုင်လဲ knowledge တိုးတာပေါ့။ ဂျင်းဆိုရင်လဲ ပေါ်လာတာပေါ့။


3. လူလိမ်/လူလည်ဂျင်း


သူတို့ကတော့ တော်တော်ဆိုးတဲ့ ဂျင်းအမျိုးအစားတွေပါ။ စျေးအပေါစားပစ္စည်းသုံးတယ်၊ အကောင်းစားပါဆိုပြီးလိမ်တယ်။ Flow rate တွေ ထုတ်လို့ရတဲ့ limit ထက်ပိုထုတ်တယ်။ ဥပမာ တစ်နာရီ လီတာ 3000 ထွက် treatment ကိုcompany A နဲ့ B ၂ ခုကို ယှဉ်ပြီး စျေးပြိုင်ခိုင်တယ်ဆိုပါတော့။ Company A က အမှန်အကန် တွက်ချက်ပြီး 3000 lph flow rate နဲ့ treatment ကို FRP အိုး size 21”x62” နဲ့စျေးတင်မယ်။ သိန်း 100 ကျမယ်ဆိုပါတော့။ အဲ့ချိန်မှာCompany B က တမင်တကာဖြစ်စေ၊ ကိုယ်တိုင်က ပညာမပြည့်ဝလို့ဖြစ်စေ တစ်နာရီလီတာ 3000lph treatment ကိုFRP အိုး size 16”x65” နဲ့စျေးတင်လိုက်မယ်။ အိုး size က တစ်ဝက်နီးပါးသေးနေတဲ့အတွက် ထည့်ရတဲ့ media လဲတစ်ဝက်သက်သာပြီး စျေးကလဲ သိန်း 50 နဲ့ပြီးသွားပါမယ်။ Customer က ဘယ်သူ့ကိုရွေူမလဲ? အများစုကCompany B ပဲ ရွေးတာပါ။ ဘယ်သူနစ်နာပါလဲ? Customer နဲ့ Company A ပါ။ Customer က လိုအပ်တဲ့ treatment size ကို သေချာမတွက်ပဲ အိုးအသေးကို flow rate ပိုထုတ်ပြီး ဂျင်းထည့်ခံလိုက်ရတာပါ။ အစပိုင်းမှာ မသိသာပင်မဲ့ရေရှည် long run မှာ စက်က ပြဿနာပေါင်းစုံတက်လာပါလိမ့်မယ်။ Company A ကတော့ မှန်မှန်ကန်ကန်တွက်ချက်ထားတဲ့ design အရွေးမခံရတဲ့အတွက် အချိန်တွေဆုံးရှုံးလိုက်ရပါတယ်။ အဲ့လိုပဲ flow rate မဟုတ်ပဲbrand အပေါစားကို brand အကောင်းစားပါပြောတဲ့ ဂျင်းလဲရှိပါတယ်။

ဖြေရှင်းနည်း။ စျေးပြိုင်တင်ခိုင်းလို့ အပေါ်ကဥပမာလို စျေးအရမ်းကွာနေပြီဆို company ၂ ခုလုံးကို သီးသန့် ပွင့်ပွင့်လင်းလင်း ခေါ်မေးကြည့်ပါ။ Treatment flow rate ကို ဘယ်လိုတွက်ချက်ခဲ့လဲ? Brand တွေက ဘယ်အမျိုးအစားတွေသုံးထားတာလဲ? စသဖြင့် ခေါ်မေးကြည့်ပြီး Flow rate တွက်ပုံကိုသာ မေးကြည့်လိုက်ပါ။ ရမ်းသန်းတဲ့ဂျင်းကွက်ကွက်ကွင်းကွင်းပေါ်လာမှာပါ။ Brand အပေါစားဂျင်းဆိုရင်လဲ specification စာရွက်ကို သေချာတောင်းကြည့်ပါ။ အချို့ဆို spec paper တောင်မရှိပါဘူး။ သူပြောတာဟုတ်မဟုတ် ကိုယ်တိုင် Google ကြည့်လဲ ရနိုင်ပါတယ်။


4. ဘာလာလာ RO တပ်မဲ့ဂျင်း


ဒီဂျင်းကတော့ ရှင်းပါတယ်။ မြန်မာနိုင်ငံကသူတွေကလဲ RO သည်သာ အကောင်းဆုံးထင်ကြတဲ့အတွက် ဘာရေလာလာ RO ထည့်တဲ့ ဂျင်းမိကြပါတယ်။ သတ္တုဓာတ်နည်းတဲ့ ရေလဲ RO ထည့်ပါတယ်။ များလဲ RO ထည့်ပါတယ်။သူတို့အတွက်ကျ RO စက်ရောင်းရဖို့က အဓိကပါ။ အချို့ RO ရေမလိုအပ်တဲ့နေရာမျိုး/ RO ရေလုံးဝ မသုံးသင့်တဲ့နေရာမျိုးမှာ RO တပ်လိုက်ရင် customer ပဲ ပြဿနာတပ်မှာပါ။ ဥပမာ ရေခဲစက် ice machine တို့ espresso machine တို့ အတွက်မလိုအပ်တဲ့ low TDS water မှာ RO စက်တပ်တာမျိုးပါ။

ဖြေရှင်းနည်း။ RO စက်ဘာလို့ထည့်ပေးတာလဲမေးပါ။ Reason က ပိုသန့်အောင်ထည့်ပေးတာလို့ပြောရင် ဂျင်းပါပြီ။ Valid ဖြစ်တဲ့ တိကျတဲ့ အဖြေပေးရမှာပါ။ ဥပမာ။ Customer ရဲ့ ရေက TDS များနေတယ်၊ ဒီတိုင်းသောက်/သုံးရင်လဲ ရပင်မဲ့ ပိုပြီးအရသာကောင်းအောင်/ စက်ပစ္စည်းတွေရေရှည်မှာ မပွန်းစားအောင် RO ထည့်ပေးတာပါဆိုတာမျိုးဖြစ်ရမှာပါ။ ကိုယ်တိုင်ကလဲ RO ရေကဘယ်နေရာမှာ ဘယ်လိုအသုံးဝင်တာလဲဆိုတာ၊ ဘယ်နေရာမှာ အသုံးသင့်ဘူးလဲဆိုတာကို ဖတ်ရှူလေ့လာထားပါ။ အဲ့အကြောင်းသိချင်ရင်တော့ အောက်ဆုံးမှာ link ချထားပေးပါတယ်။


5. Facebook ဂျင်း


Company ၁ ခုထဲကို နာမည်မတူတဲ့ Facebook page 3-4 ခုလောက်လုပ်ပြီး customer ရှာတဲ့ဂျင်းကတော့ တော်တော်ရွံစရာကောင်းပါတယ်။ ကျင့်ဝတ် ethic လုံးဝမရှိတဲ့သူတွေပါ။

ဖြေရှင်းနည်း။ မှတ်ပုံတင်ထားတဲ့ company နာမည် မေးကြည့်ပါ။ အဲ့နာမည်နဲ့ပဲ Facebook မှာထပ်ရှာပါ။ တစ်ခုခုတော့တွေ့မှာပါ။


6. ဂျင်းကြိုက်သောသူများ


ဒါကတော့ customer ကိုယ်တိုင်က ဂျင်းကြိုက်တာပါ။ Service provider တွေကို အမျိုးမျိုးခေါ်မေးမယ်။ ဘယ်သူ့ကိုမှလဲ မယုံတဲ့ trust issue ရှိမယ်။ စျေးတွေအားလုံးယှဉ်ကြည့်မယ်။ ပြီးရင် စျေးအသက်သာဆုံး သူကိုရွေးလုပ်မယ်။အဲ့လိုဂျင်းကြိုက်တဲ့ customer မျိုးကျ ဂျင်းထည့်တဲ့ company နဲ့တွေ့ဖို့ ရာခိုင်နှုန်းအရမ်းများပါတယ်။

ဖြေရှင်းနည်း။ မိမိစျေးသက်သာတာကိုရွေးမယ်ဆိုရင်တောင် အနည်းဆုံးတော့ မိမိလုပ်နိုင်တဲ့ နောက်ဆုံးစျေးကိုအခြားမရွေးချယ်မဲ့/စျေးများတဲ့ company တွေကို ပြန်ပြောပြပြီး အဲ့စျေးလောက်နဲ့ ဘယ်လို design မျိုးရနိုင်မလဲ ပွင့်ပွင့်လင်းလင်းမေးကြည့်ပါလို့ အကြံပြုချင်ပါတယ်။ အကယ်လို့ customer ကို စေတနာထားတဲ့ company ဆိုရင်အဲ့စျေးအတွင်းရနိုင်တဲ့ အကောင်းဆုံး option တစ်ခုတော့ သင့်ဆီပြန်ပြောပေးမှာပါ။ လူတိုင်း/ Company တိုင်းဂျင်းမထည့်ပါဘူး။


ကောင်းကောင်းမွန်မွန်၊ Professional ဆန်ဆန်လုပ်နေတဲ့ ရေသန့် company တွေအများကြီးရှိပါတယ်။ အဲ့လိုရှိတဲ့ကြားမှာ ဂျင်းတွေလဲ အများကြီးပေါ်နေတဲ့အတွက် စားသုံးသူ customer ဖက်ကရော၊ အမှန်အကန်စေတနာထားလုပ်တဲ့ company တွေဖက်ကပါ နစ်နာမှုတွေများလာတဲ့အတွက် အခုလို ဂျင်းရှောင်နည်းတွေကို လူအမုန်းခံပြီး ရေးရတာပါ။


အားလုံး ဂျင်းမိခြင်းကင်းဝေးကြပါစေ။


Dr. Sai Aung Thant Zin


112 views0 comments
Post: Blog2_Post
bottom of page