ရေထဲက သံဓာတ် အကြောင်း
- Dr. Sai Aung Thant Zin
- Aug 1, 2020
- 1 min read
ကျွန်တော်တို့ မြန်မာနိုင်ငံ၊ အထူးသဖြင့် ရန်ကုန်တိုင်းဒေသ တွင် တွင်းရေများထဲမှာ သံဓာတ်ပါဝင်မှုအလွန်များပြားသည်ကို တွေ့ရလေ့ရှိပါတယ်ခင်ဗျာ။
အဲ့တော့ ရေထဲမှာ ရှိတဲ့ သံဆိုတာ ဘာလဲ။
ဘယ်လောက်ထိပါရင်များတာလဲ။
WHO standard ကရော ဘယ်လောက်လဲ။
သံဓာတ်များရင် ဘာတွေဖြစ်နိုင်လဲ။
ဘယ်လို လျော့ချလို့ ရမလဲ၊ စတဲ့ မေးခွန်းတွေကို အောက်မှာ ဆက်လက်ဆွေးနွေး သွားပါမယ်နော်။
သံဆိုတာ ဘာလဲ။
သံဆိုတာ ကျွန်တော်တို့ ကို တော်တော်တော်လေးအကျိုးပြုသလို အခက်အခဲဖြစ်စေတဲ့ သတ္တုဓာတ် တစ်မျိုးပါ။ ကမ္ဘာမြေဆီလွှာရဲ့ ၅ ရာခိုင်နှုန်းက သံဓာတ်ပြည့်ဝတဲ့ မြေဆီလွှာ အဖြစ် တည်ရှိနေပြီး မိုးရေများ ထို မြေပြင်ပေါ်ကျဆင်းပြီး မြေဆီလွှာတွင်းသို့ စိမ့်ဝင်သွားတဲ့ အခါ သံဓာတ်များပျော်ဝင်သွားတဲ့ မြေအောက်ရေအဖြစ် ပြောင်းလဲသွားပါတယ်။
ထိုမြေအောက်ရေကို ကျွန်တော်တို့က အဝီစိတွင်းများတူးကာ ထုတ်ယူသုံးစွဲတဲ့ အခါမှာတော့ သံဓာတ်ပါဝင်မှုများပြားတဲ့ ရေအဖြစ် ကြုံတွေ့ရပါတော့တယ်။
အလွယ်ပြောရရင်ရေထဲတွင် ပျော်ဝင်နေသော soluble ferrous iron နှင့် insoluble ferric iron ဆိုပြီး ၂ မျိုးရှိပါတယ်။ အတိအကျဆိုရင်တော့ စာဖတ်သူများ ပိုမိုရှုပ်ထွေးသွားနိုင်တဲ့ အတွက် မဖော်ပြတော့ပါဘူး။ ပျော်ဝင်နေတဲ့ ferrous iron ပါဝင်တဲ့ရေကတော့ ထွက်ထွက်လာခြင်းမှာ အရောင် ကြည်လင်နေတာကိုတွေ့ရမှာပါ။ ဘာလို့လဲဆိုတော့ သံဓာတ်က ရေထဲမှာ ပျော်ဝင်နေတဲ့ အတွက်ဖြစ်ပါတယ်။ သို့သော် ထိုရေမျိုးသည် လေထုနှင့် ထိတွေ့လိုက်သော အခါမျိုးတွင် ဓာတ်ပြုမှုဖြစ်ပေါ်ပြီး အနီ၊အဝါ ရောင် အဖြစ်ပြောင်းလဲသွားကာ အနည်များ (insoluble ferric iron များအဖြစ်) အနည်ထိုင်ကျလာတတ်ပါတယ်။
ရေထဲက သံကို mg/l နဲ့ တိုင်းတာလေ့ရှိပါတယ်။ WHO drinking water standard နဲ့ အခြား Water Standard တော်တော်များများမှာကတော့ 0.3 mg/l အောက်လို့ သတ်မှတ်ထားပါတယ်။ အချို့ အစားအသောက်နဲ့ အဖျော်ယာမကာ လုပ်ငန်းများမှာ 0.25 mg/l အောက်ထိ သတ်မှတ်ကြတာလဲရှိပါတယ်။
0.3 mg/l အထက်ရောက်ပြီဆိုရင်တော့ လူတစ်ယောက်ရဲ့ နှာခေါင်း၊ လျှာ စတဲ့ အနံ့ခံ၊ အရသာခံ တဲ့ နေရာများက သံ အနံ့၊အရသာကို စတင်ခံစားရပါပြီ၊ ရေထဲမှာ အရောင်လဲ စတင် ပါဝင်လာပါပြီ။
ရေရဲ့ နောက်ကျိမှု Turbidity နဲ့ အရောင် Colour လဲ မြင့်တက်လာပါပြီ။ စက်ပစ္စည်း နဲ့ ပိုက်လိုင်းများ တွင်လဲ အချိန်ကြာလာတာနဲ့ အမျှ သံချေးတက်ခြင်း၊ ပိတ်ဆို့ခြင်း၊ အရောင်များ စွန်းထင်းခြင်း စတဲ့ ပြဿနာတွေ ကြုံတွေ့လာရနိုင်ပါတယ်။
သံဓာတ်နဲ့ ကျန်းမာရေး
အချို့လေ့လာချက်များအရ သံဓာတ်(အနည်းငယ်) ပါဝင်နေတဲ့ရေသည် ကျန်းမာရေးဆိုးကျိုး ဆိုးဆိုးရွားရွား မဖြစ်စေဘူးလို့ လေ့လာတွေ့ရှိရပါတယ်။ သံဓာတ်သည် ကျန်းမာရေး၊ ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်များ အတွက် အရေးကြီးပြီး သွေးတွင်း အောက်ဆီဂျင် သယ်ယူပို့ဆောင်ရာတွင်လဲ အရေးကြီးတဲ့ နေရာက ပါဝင်ပါတယ်နော်။ သို့သော် သံဓာတ်များပြားနေသော ရေတွင် Iron Bacteria ပေါက်ဖွားမှုများပြားနိုင်သည့် အတွက် အရောင်၊ အနံ့၊ အရသာ ပြဿနာများကြုံတွေ့ရနိုင်ပြီး အခြား ကျန်းမာရေးဆိုင်ရာပြဿနာများ သွယ်ဝိုက်ရရှိ နိုင်တဲ့ အတွက် ထို အချက်ကို ဂရုပြု စဉ်းစားရမှာပါနော်။
သံဓာတ်ကို ဘယ်လိုလျော့ချကြလဲ။
သံဓာတ်ကိုလျော့ချတဲ့ နည်းများစွာရှိတဲ့ ထဲက တွင်တွင်ကျယ်ကျယ် အသုံးပြုကြတဲ့ နည်းတွေကတော့
Aeration (လေထု Oxygen နဲ့ ရေကို ထိတွေ့မှုပေးပြီး လျော့ချတဲ့နည်း)၊ Oxidation Catalytic Reaction ဖြင့် Media အသုံးပြုလျော့ချသောနည်း၊ Ion Exchange ပြုလုပ်ပြီး လျော့ချသောနည်း စသည်ဖြင့် မျိုးစုံရှိပါတယ် ခင်ဗျာ။ အသုံးပြုမဲ့ နေရာပေါ်မူတည်ပြီး သင့်တော်သလို ရွေးချယ်ကြရပါတယ်။ နီးစပ်ရာ ကျွမ်းကျင်တဲ့ ရေပညာရှင်များနဲ့ တိုင်ပင်၊ ရေကို စမ်းသပ်ပြီးမှ treatment system ကို ရွေးချယ်ရပါတယ်။
ရေထဲက သံဓာတ်အကြောင်းကတော့ ဒီလောက်ဆို အကြမ်းဖျင်း နားလည်မယ်လို့ ထင်ပါတယ်။
နောက် အပိုင်းတွေမှာတော့ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့
ရေနဲ့ အစားအသောက် ဆက်စပ်ပုံကို ပြောပြသွားပါမယ်နော်။
ကျေးဇူးတင်ပါတယ်။
Dr. Sai Aung Thant Zin
Comments